ကလေးမွေးထားတဲ့ မေမေ မီးတွင်းထဲ ဖျားနာခဲ့ရင်
ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာ ဂရုစိုက်ဖို့ လိုသလို ကလေးမီးဖွားပြီချိန်မှာလည်း အစစအရာရာကို ဂရုစိုက်ရပါတယ်။ ဒီကာလတွေက မိခင်မှာ ကိုယ်ခံအား နည်းနေတာမျိုး ဖြစ်နိုင်တာကြောင့် ပြင်ပက ရောဂါတွေ မဝင်အောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာရင် အတော်လေး စိတ်ပင်ပန်းရသလို ကိုယ်ဝန်ကို မွေးဖွားပြီးလို့ မီးဖွားပြီးချိန်မှာ ဖျားနာရင်လည်း အတော်လေးကို စိတ်ပင်ပန်းရပါတယ်။ အခုတစ်ခေါက်တော့ ကိုယ်ဝန်ကို မီးဖွားပြီးချိန် မီးတွင်းထဲ ဖျားနာခဲ့ရင် သက်သာစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
မီးတွင်းမှာ ဖျားနာတာက မိခင်တိုင်း မဖြစ်တတ်ပေမယ့် အချို့သော မိခင်တွေမှာတော့ ဖြစ်တတ်ပါတယ်။ မီးတွင်းထဲမှာ ဖျားနာမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်များများ ရှိပါတယ်။
ခွဲမွေးပြီးချိန်မှာ ချုပ်ရိုးပိုးဝင်ကူးစက်တာကြောင့် ဖျားနာတာမျိုး ဖြစ်နိုင်သလို မွေးဖွားပြီးချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့်လည်း ဖျားနာနိုင်ပါတယ်။ တုပ်ကွေး အပါအဝင် ရာသီအဖျားတွေကြောင့်လည်း မီးဖွားပြီးချိန်မှာ ဖျားနာနိုင်ပါတယ်။
ဒီလို ဖျားနာတဲ့အခါ သက်သာစေဖို့အတွက် အခုပြောပြမယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
- အနားယူပါ - မီးဖွားပြီးချိန်မှာ ခန္ဓာကိုယ်က အားနည်းနေနိုင်ပါတယ်။ ဒီအခြေအနေမှာ ဖျားနာရတာက ခန္ဓာကိုယ်မှာ အင်အားနည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မီးဖွားပြီးချိန်မှာ ဖျားနာတာကို သက်သာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။
- အာဟာရ ပြည့်ဝအောင် စားပါ - မီးဖွားပြီးချိန်မှာ အစားအစာတွေကို ပြည့်ပြည့်ဝဝ စားပေးတာက မိခင်ကို ကိုယ်ခံအား ကောင်းစေသလို ကလေးအတွက်လည်း လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။ ဒါကြောင့် ဖျားနာနေပြီဆိုရင် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ အာဟာရ ပြည့်ဝအောင် စားပေးပါ။
- ရေများများ သောက်ပါ - ဖျားနာနေချိန်မှာ ကိုယ်ခံအားကို အားဖြည့်ချင်တယ်ဆိုရင် ရေများများ သောက်ပေးဖို့ လိုပါမယ်။ ဒါကြောင့် မီးတွင်းထဲ ဖျားနေပြီဆိုရင် သောက်ရေကို များများသောက်ပေးလို့ ရသလို စွပ်ပြုတ်၊ အသီးဖျော်ရည်လေးတွေ သောက်ပေးလို့လည်း ရပါတယ်။
- ဆေးခန်းပြပါ - မီးတွင်းမှာ ဖျားနာရင် ဆေးတွေကို စိတ်ထင်သလို မသောက်တာ အကောင်းဆုံးပါ။ ဒါကြောင့် ဆရာဝန်နဲ့ သေချာလေး ပြသပြီး လိုအပ်တဲ့ ဆေးဝါး သောက်သုံးမှုတွေကို လုပ်ဆောင်ပေးပါ။
- အိပ်ရေး ဝဝအိပ်ပါ - မီးတွင်းမှာ ကလေးကို နို့တိုက်ရတာ၊ ကလေးကို စိုးရိမ်စိတ်တွေကြောင့် ညဘက် ကောင်းကောင်း အိပ်မပျော်ခြင်းကလည်း ကိုယ်ခံအား နည်းပြီး ဖျားနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ပါ။
- ရေနွေးနွေးနဲ့ ရေချိုးပါ - ခွဲမွေးထားတာ ဖြစ်မယ်ဆိုရင်တော့ ချုပ်ရိုးကို ရေမထိအောင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ရေနွေးနွေးလေးနဲ့ ရေချိုးတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ဖျားနာတာကို သက်သာစေမှာပါ။
မီးတွင်းထဲမှာ ဖျားနာပြီဆိုရင် အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လုပ်ဆောင်ပေးရင်း ပင်ပန်းမှုဝေဒနာ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။
မွန်မွန်